
မရေးဖြစ်တဲ့ ကဗျာ..
မပြောဖြစ်တဲ့ စကား..
မဆိုဖြစ်တဲ့ သီချင်း..
အားလုံးကို မေ့ထားရင်း….
ဟိုး…. ဝေးဝေးကို
မျှော်ကြည့်လိုက်တဲ့အခါ…...
ငါ့ရဲ့ကမ္ဘာမှာ
`လ´တစ်စင်းသာနေတာ တွေ့လိုက်တယ်… ။
မရေးဖြစ်တဲ့ ကဗျာ..
မပြောဖြစ်တဲ့ စကား..
မဆိုဖြစ်တဲ့ သီချင်း..
အားလုံးကို မေ့ထားရင်း….
ဟိုး…. ဝေးဝေးကို
မျှော်ကြည့်လိုက်တဲ့အခါ…...
ငါ့ရဲ့ကမ္ဘာမှာ
`လ´တစ်စင်းသာနေတာ တွေ့လိုက်တယ်… ။
ဒီဇာတ်လမ်းလေးမှာ လွမ်းခန်းတွေတော့ ရှိခဲ့တယ်
ဒါပေမယ့် ကြမ်းခန်း ရမ်းခန်းတွေ မပါခဲ့ဘူး…
ဒီဇာတ်လမ်းလေးမှာ ငိုကြွေးခြင်းတွေ ရှိခဲ့တယ်
ဒါပေမယ့် ကျိန်စာတွေ မဆိုခဲ့ဘူး…
ဒီဇာတ်လမ်းလေးမှာ တမ်းတမှုတွေ ရှိခဲ့တယ်
ဒါပေမယ့် နာကျည်းခြင်းတွေ မထားခဲ့ဘူး…
ဒီဇာတ်လမ်းလေးမှာ မျှော်လင့်ခြင်းတွေ ရှိခဲ့တယ်
ဒါပေမယ့် ဖြားယောင်းမှုတွေ မလုပ်ခဲ့ဘူး…
ဒီဇာတ်လမ်းလေးမှာ ချစ်ခြင်းရနံ့တွေ သင်းပျံ့ခဲ့ဖူးတယ်
ဒါပေမယ့် အမုန်းဆိုတာ မလိုအပ်ခဲ့ဘူး…
ဒီဇာတ်လမ်းလေးမှာ သံယောဇဉ်တွေ ထားခဲ့တယ်
ဒါပေမယ့် နှောင်ကြိုးတွေတော့ မချည်ခဲ့ဘူး…
ဒီဇာတ်လမ်းလေးမှာ ပုံစံတမျိုးနဲ့ ခွဲခွာခြင်းတွေ ရှိခဲ့တယ်
ဒါပေမယ့် နှုတ်ဆက်တေးတွေ မဆိုခဲ့ဘူး…
အခုတော့ ဒီဇာတ်လမ်းလေးမှာ..
ဇာတ်ကောင်အသစ်တွေနဲ့အတူ
ချစ်ခြင်းတရားတွေ ထပ်မံမွေးဖွားလို့
အပြန်အလှန် နားလည်မှုတွေနဲ့
ပျော်စရာကမ္ဘာလေးတစ်ခုကို
တို့တွေ ဖန်တီးသွားကြမယ်..
နောင်လာမယ့် နှစ်ပေါင်းများစွာအထိ..
အမုန်းမဲ့ဇာတ်လမ်းတစ်ပုဒ် ရှင်သန်လှပနေစေသော်ဝ်…။
အဝေးကိုလွင့်သွားတဲ့ ပျော်ရွှင်ခြင်းတိမ်တိုက်အတွက် ၀မ်းနည်းငိုကြွေးနေလို့ရော ဘာများ ပိုထူးလာမှာလဲ..
နောက်တခါ လေပြည်လာချိန်မှာ ပျော်ရွှင်ခြင်းရဲ့ ရနံ့တွေ အနားကို ပျံ့လွင့်လာဦးမှာပါ…
အရိပ်လိုလိုက်နေတဲ့ အတိတ်မှာ ကြေကွဲခြင်းတွေ စွန်းပေနေတာ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး…
ဒါပေမယ့် တချိန်မှာတော့ အတိတ်ဆိုတာ ဆေးသားပြယ်လွင့်သွားတဲ့ ပန်းချီကားတစ်ချပ်လို မှုန်ဝါးလွင့်ပါးသွားမယ်ဆိုတာ ယုံကြည်ထားချင်တယ်…
ချစ်ခဲ့တဲ့ အချစ်တွေအတွက် နောင်တဆိုတာ မရှိပေမယ့် နှိုင်းဆပြလို့ မရနိုင်တဲ့ နာကျင်မှုတွေတော့ ရှိခဲ့တယ်…
မျှော်မှန်းဖူးခဲ့တဲ့ အနာဂတ်ခရီးဆိုတာလဲ ဟိုးဝေးဝေးမှာ မှိန်ဖျော့စွာနဲ့ တစစီ ပျောက်ကွယ်သွားခဲ့ပေါ့…
ဘယ်လိုပဲဖြစ်ဖြစ် ကုန်လွန်ခဲ့တဲ့ ခဏတာ အချိန်လေးမှာ အဆုံးအစမဲ့ ကြည်နူးခဲ့တာ ၀န်ခံပါရစေ…
ဒါပေမယ့်လဲ ချစ်ခြင်းအတိုင်းအဆနဲ့ အချိန်ကာလ ထပ်တူ အချိုးမကျနိုင်ဘူးဆိုတာ သေချာလွန်းနေခဲ့တော့လဲ…
ဒဏ်ရာတွေသာ တနေ့တခြား ရင်ထဲမှာ ပိုမို များပြားလာခဲ့…
မာယာလို့ မပြောရက်ပါဘူး… သာယာခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်တော့မယ်…
အတိတ်နေ့ရက်တွေမှာ အရူးအမူးပျော်ခဲ့ဖူးတော့ အခုအချိန်မှာ ရူးရူးမူးမူး လွမ်းလိုက်ဦးပေါ့…
ကိုယ်တိုင်က မနိုးထချင်သရွေ့ အိပ်မက်ဆိုးရဲ့ ဖမ်းစားမှုမှာ ကျိန်စာသင့်နေဦးမှာပါပဲ…
တကယ်လို့များ… မနက်ခင်းတစ်ခုမှာ ငှက်ကလေးရဲ့ တေးသီသံသဲ့သဲ့ကို ကြားမိတယ် ဆိုရင်တော့ အတိတ်အိပ်မက်ကနေ အမြန်နိုးထ.. ရင်ခုန်သံအစစ်တွေနဲ့ ဘ၀ခရီးသစ်ကို စတင် လိုက်ပါတော့…
မှောင်မိုက်တဲ့ အလွမ်းညတွေ အဆုံးမှာ လင်းသစ်တောက်ပတဲ့ ဖြူလွလွ နေ့ရက်တွေက စောင့်ကြိုလျက်သာ…. ။
ခဏလေးပါပဲ..
ငါ့ရင်ခွင်မှာ နားခိုသွားခဲ့တာ..
ဆောင်းတွင်းတစ်ခုစာလေး…
အေးစက်စက် ဆောင်းရက်တွေလဲ
ငှက်ကလေးရဲ့ တေးဆိုသံကြောင့်
ချိုမြိန်နွေးထွေး ပျော်စရာလေးပေါ့…
နေ၀င်စောတဲ့
မှုန်မှိုင်းမှိုင်း ဆောင်းညတွေဟာ
တယ်လီဖုန်းသံလေး တစ်ချက်အကြားမှာ
အသက်ဝင် တောက်ပ
အိပ်မက်တွေလဲ လှခဲ့ဖူးပါရဲ့…
ဒီလိုနဲ့ပဲ..
နှင်းမြူရထား တရွေ့ရွေ့ဆုတ်ခွာသွားတာ
ငါ မသိလိုက်ဘူး..
ဥသြသံကြား နွေကူးသွားလဲ
ငါ့အတွေးထဲမှာ
ဆောင်းခိုငှက်လေး ရှိနေတုန်းပဲ…
မိုးစက်ပွင့်တွေ ဖွဲဖွဲကြွေလဲ
ငါ့ရင်ထဲမှာ
အိပ်မက်နှင်းတွေ ဝေနေဆဲပဲ…
ဟိုး..ဝေးဝေးက ဆောင်းခိုငှက်လေးရေ...
နောက်တစ်နှစ်ဆောင်း
ရင်ခွင်ပြောင်းချင်လဲ ပြောင်းပေါ့..
သက္ကရာဇ်အဟောင်းဆီက
ပျော်ခဲ့ဖူးတဲ့ ဆောင်းကိုတော့
ငါ့ဆီကနေ ပြန်မတောင်းပါနဲ့
လွမ်းလို့ကောင်းနေတုန်းမို့ပါ … ။
( သူငယ်ချင်း မိုးလှိုင်ည ပေးတဲ့ အတွေးတပိုင်းတစနဲ့ ခံစားချက် အပိုင်းအစတွေ ပေါင်းပြီး ရေးဖြစ်သွားတဲ့ ကဗျာလေးပါ )
အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးတိုင် ထွန်းလင်းနေကြတယ်။ သူတို့ဟာ ဘယ်သူမှ မကြားနိုင်တဲ့ လေသံနဲ့ တစ်ယောက်ကိုတစ်ယောက် စကားတွေပြောလို့ …
ပထမ ဖယောင်းတိုင်ရဲ့နာမည်က ငြိမ်းချမ်းရေး တဲ့… ။ သူက အခြားဖယောင်းတိုင်တွေကို စ ပြောတယ်။
`ဘယ်သူမှ ငါ့ကို မထိန်းသိမ်းကြတော့လဲ.. ငါ ပျောက်ကွယ်ရတော့မှာပဲလေ…´
သူက ပြောရင်းဆိုရင်းပဲ … လုံးဝ ငြိမ်းသွားတယ် … ။
အဲဒီအချိန်မှာပဲ ယုံကြည်မှု လို့ အမည်ရတဲ့ ဖယောင်းတိုင်လေးက ဆက်ပြောတယ်။
`ငြိမ်းချမ်းခြင်း မရှိတော့တဲ့နောက်မှာ ငါလဲ ဘယ်သူ့ကိုမှ မျှဝေပေးနိုင်ခြင်းမရှိဘဲ ဆက်လက်ထွန်းလင်းနေရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ ထင်လာပြီ … ´
သူ့စကား မဆုံးသေးခင်မှာပဲ ညင်သာတဲ့ လေညင်းလေးက သူ့ကို တိုက်ခတ်ငြှိမ်းသတ်သွားတယ်။
တတိယ ဖယောင်းတိုင်လေးကတော့ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ သူကလဲ ၀မ်းပမ်းတနည်းနဲ့ …
`ငါလဲ ဆက်လက်ထွန်းလင်းဖို့အတွက် အားအင်တွေ ခြောက်ခမ်းကုန်ပြီ … လူတွေက ငါ့ရဲ့ အရေးပါမှုကို မသိကြဘဲ ငါ့ကို ဘေးဖယ်ထားကြတယ်။ သူတို့ရဲ့ အနီးဆုံးမှာ ရှိကြတဲ့သူတွေကိုတောင် ချစ်ခြင်းမေတ္တာတွေ ပေးကြဖို့ သူတို့ မေ့နေကြပြီ…´
သူလဲ အဲဒီစကားရဲ့ အဆုံးမှာပဲ ထွန်းလင်းမှုတွေ ရပ်သွားခဲ့တယ်။
အဲဒီအချိန်မှာပဲ ကောင်လေးတစ်ယောက် အခန်းထဲကို ၀င်လာတယ်။ ဖယောင်းတိုင်လေးချောင်းမှာ သုံးချောင်းက ငြိမ်းပြီး တစ်ချောင်းတည်း ထွန်းလင်းနေသေးတာကို သူတွေ့လိုက်ပြီး စိတ်ညစ်သွားတယ်။
အဲဒီအချိန်မှာပဲ နောက်ဆုံးထွန်းလင်းနေသေးတဲ့ ဖယောင်းတိုင်လေးက ကောင်လေးကြားအောင် လေသံကိုမြှင့်ပြီး ပြောလိုက်တယ်။
`စိတ်မညစ်ပါနဲ့ ကလေးရယ် … ငါ ထွန်းလင်းနေသေးသရွေ့ မင်း သူတို့ကို ပြန်ပြီး ထွန်းညှိပေးလို့ ရပါသေးတယ်…´
အဲဒီစကားသံကိုကြားတော့ ကောင်လေးလဲ ကျန်နေသေးတဲ့ ဖယောင်းတိုင်လေးတစ်ချောင်းကို ယူပြီး ငြိမ်းနေတဲ့ ဖယောင်းတိုင်လေးတွေကို လိုက်ပြီး မီးညှိလိုက်တယ်။ အခုတော့ အခန်းလေးထဲမှာ ဖယောင်းတိုင်လေးတိုင်လုံး ထွန်းလင်းနေကြပါပြီ။
အဲ … နောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးရဲ့ နာမည်က မျှော်လင့်ချက် တဲ့ … ။
( ကိုနေဘုန်းလတ်၏ `စကားပြောသော ပုံပြင်များ´ ပို့စ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။ )
မောင်လေးရေ… ဒီရက်တွေဟာ မောင်လေးဘ၀မှာ အရမ်းကို ခက်ခဲပင်ပန်းမယ့် နေ့ရက်တွေဆိုတာ မကြီး သိပါတယ်။ ကင်ဆာ ဆိုတဲ့ အရိပ်မည်းကြီးအောက်မှာ နေ့ရက်တွေကို ဖြတ်သန်းရတာ ဘယ်လောက် ကြမ်းတမ်းမယ်ဆိုတာ သိထားတဲ့ ဆေးပညာ ဗဟုသုတ အနည်းအပါးနဲ့တင် နားလည် ခံစားပေးလို့ ရပါတယ်။ မောင်လေးအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာလဲ မကြီး ခေါင်းထဲမှာ အမြဲတွေးနေမိတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဘာမှ ထိထိရောက်ရောက် လုပ်မပေးနိုင်သေးဘူးနော်..်။ အဲဒီအတွက် မကြီး အရမ်းဝမ်းနည်းနေမိတယ်။ ပြီးတော့ အခြေအနေအားလုံးကို သိနားလည်ထားတဲ့ မောင်လေးကို အပေါ်ယံစကားလုံးတွေနဲ့ အားပေးနှစ်သိမ့်ခြင်းဟာ အသုံးမ၀င်နိုင်ဘူးဆိုတာလဲ မကြီး သိထားတယ်။ အခုအချိန်မှာ မောင်လေးအတွက် အလိုအပ်ဆုံးက ရှေ့လာမယ့် နေ့ရက်တွေကို ဘယ်လိုနည်းနဲ့ အသက်သာဆုံးဖြစ်အောင် ဖြတ်သန်းသွားမလဲ၊ လက်ရှိအနေအထားကို အမှန်အတိုင်းလက်ခံပြီး လူ့ပတ်ဝန်းကျင်ကို ဘယ်လိုပြန်တိုးဝင်မလဲ ဆိုတာ မဟုတ်လား။ အဲဒီအတွက် မကြီး တတ်နိုင်သလောက် ကူညီပေးမယ်နော်…။ အဓိကက မောင်လေးကိုယ်တိုင် စိတ်ဓါတ်ကြံ့ခိုင်နေဖို့ပဲ လိုတာ… အားတင်းထားနော် မောင်လေး… ။
အာရုဏ်သို့ချည်း
နှင်းခမျက်တောင်၊ ငွေရောင်ပိတ်ဖုံး
အရှေ့တစ်ခွင်လုံးမှိုင်း၊ မြူတံတိုင်းကာဆီး
မေလည်း… ခရီးသည်။
ပြတင်းဝမှာ
ပန်ပါ့နှင်းဆီ၊ မခွဲမီလွမ်း
ရှိုက်နမ်းမွှေးမြ၊ ထုံးနှောင်လွဝယ်
ကြွရွနီဝေ၊ မကြွေခင်တော့ ပြန်ခဲ့မယ်။
နှင်းတွေနဲ့ဖိ
မေ့ပေါ်အိကျ၊ မောလျဖိုလှိုက်
နှင်းနံ့တစ်ရှိုက်၊ ပန်းတစ်ရှိုက်လေ..။
ရှေ့နောက် ၀ဲယာ၊ မမြင်သာဘူး
ရပ်ရှစ်မျက်နှာ၊ မြူမွေ့ယာခင်း
နှင်းတို့ပျော်ပါး၊ အကစားမက်
ဝှေ့ယမ်းနှုတ်ဆက်၊ အလွမ်းလက်ကလေး
ဝေး… ဝေး… ဝေးရှာ…။
တဖြည်းဖြည်းချင်း၊ အလင်းတောက်ပ
မြူငွေ့ပါးလျ၊ ရထားအထွက်
မေ့မျက်ဝန်းထဲ၊ နှင်း… ဝေဆဲကွယ်။
မအိ
( ၁၉၈၂ ၊ ရှုမ၀ )
ပြန်မတွေးချင်တော့ဘူး
အမှတ်တရ ရက်စွဲတွေအကြောင်း
မတွေးတော့ပါဘူးဆိုမှ
ရင်ထဲကို ၀င် ၀င်လာတာ
ခက်တယ်…….
သက္ကရာဇ်တစ်ခုအပြောင်းမှာ
ရင်ခုန်သံတွေ ဟောင်းသွားခဲ့တာ
ဘာနဲ့ပြန်ပြီး သစ်လွင်စေနိုင်မှာတဲ့လဲ…
ချစ်ခြင်းမေတ္တာဆိုတာ ငါ့အတွက်
ဆွံ့အနေတဲ့ စကားလုံးအပိုသက်သက်ပါပဲ
ဒီတော့လဲ
အဲဒီဘာသာစကား
ငါ မသင်ကြားတော့ရုံပေါ့…
ဒါပေမယ့်
မသင်ဘဲ တတ်မြောက်ခဲ့တာက
‘လွမ်းဆွတ်ခြင်း’ အတတ်ပညာ..
မလိုချင်ဘဲ ရခဲ့တာက
ကျိန်စာသင့် ရက်စွဲများ..
မကြားချင်ဘဲ ကြားခဲ့ရတာက
ချစ်သူဆီက လမ်းခွဲစကား..
ကဲ… ဘ၀မှာ ဒီထက်ပိုပြီး
ဘာများ နက်နက်ရှိုင်းရှိုင်း လွဲနိုင်ဦးမှာလဲကွယ် … ။
ဟိုး… ဝေးဝေးမှာ မြို့တော်လေးတစ်ခုရှိတယ်…
ချစ်ခြင်းမေတ္တာတရားတွေနဲ့ ငြိမ်းချမ်းသာယာတဲ့ မြို့တော်လေး…
မနာလိုမှုတွေ၊ အာဃာတတွေ၊ အညှိုးတွေ၊ အမုန်းတွေရဲ့ အပြင်ဘက်က နေရာလေး…
အဲဒီမှာ ဟန်ဆောင်အပြုံးတွေနဲ့ အပေါ်ယံသကာဖုံးထားတဲ့သူတွေ မရှိဘူး…
အပြောချိုချိုလေးတွေနဲ့ နောက်ကျောကို ဓါးနဲ့ထိုးသွားမယ်သူတွေလဲ မရှိကြဘူး…
အားလုံးဟာ အဖြူရောင် ပကတိနဲ့ ရိုးသားရှင်းသန့်လို့…
လေပြည်သွဲ့သွဲ့ထဲမှာ ပန်းရနံ့လေးတွေ သင်းသင်းမွှေးပျံ့လို့…
ပန်းကလေးတွေ အချိန်မတိုင်ခင်ကြွေအောင် ခြွေပစ်မယ့် ပန်းခြွေမုဆိုးတွေရဲ့ ဘေးရန်ကိုလဲ ကြောက်စရာ မလိုဘူး…
တစ်ဦးအပေါ်တစ်ဦး အုပ်စုဖွဲ့ အနိုင်ယူ ညှဉ်းပန်းတာမျိုးလဲ မလုပ်ကြဘူး…
အာဏာတွေ၊ ပါဝါတွေဆိုတာ ဒီမြို့လေးအတွက် သုံးစရာမလိုတဲ့ အပိုစကားလုံးတွေပါ…
အဲဒီလို လွတ်လပ်အေးချမ်းတဲ့ မြို့တော်လေးမှာ သူမကို ပိုပြီး ပျော်မွေ့စေတာကတော့ ‘သူ’ ပါပဲ…
သူမတို့နှစ်ယောက်ရဲ့ မြို့တော်လေးကို သူက သစ္စာတရားတွေနဲ့ လုံခြုံနွေးထွေးအောင် အုပ်မိုးပေးထားပါတယ်…
သူဆိုညည်းပြတတ်တဲ့ သီချင်းသံစဉ်လေးတွေကလဲ မြို့တော်လေးထဲမှာ ရှင်သန်နေတဲ့ သူမရဲ့ နေ့ရက်တွေကို ပိုပြီး အသက်ဝင် စိုပြေစေတယ်…
ရာသီဥတု သာသာယာယာရှိတဲ့ ညနေခင်းတိုင်း မြို့တော်လေးရဲ့ လမ်းတွေထက်မှာ တစ်ယောက်လက် တစ်ယောက်တွဲလို့ ချစ်စကားတွေ သီဖွဲ့ဖြစ်ကြတယ်…
သူမတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် တိုင်ပင်ဆွေးနွေးရင်း ရင်ခုန်သံတွေ တစ်နေ့ထက်တစ်နေ့ ပိုနီးစပ်လာခဲ့တယ်…
အေးချမ်းသာယာတဲ့ မြို့တော်လေးမှာ နူးညံ့သိမ်မွေ့စွာ ချစ်တတ်တဲ့ ချစ်သူနဲ့အတူ ဆုံတွေ့ချစ်ခွင့်ရတာ သူမ ကံကောင်းလွန်းလှပါတယ်…
အဲဒီလို အတွေးတွေနဲ့ ဟိုး… ဝေးဝေးကို လှမ်းငေးမိတော့……….
သူမရဲ့ မြို့တော်လေးက ဆောင်းနှင်းထုအောက်မှာ အရိပ်တစ်ခုအဖြစ်ေ၀၀ါးစွာနဲ့…. ။
ဘယ်သူချည်ခဲ့တာလဲ..
စိတ်ကို ချုပ်နှောင်ထားလိုက်တာ
ရုန်းထွက်မရအောင်
တင်းတင်းကြပ်ကြပ်..
နှလုံးသားတစ်ခုလုံးလဲ
နွမ်းနွမ်းဖတ်ဖတ်..
ဘယ်ထိအောင် ခိုင်မြဲနေမှာလဲ..
ကိုယ်တိုင်က မဖြတ်သရွေ့လား…
သံသရာမရပ်သရွေ့လား…
နှောင်ကြိုးတစ်ခုရဲ့ ပြတ်တောက်မှုမှာ
ပြန်မဆုံနိုင်တဲ့ တခြားကမ္ဘာဆီ
ဝေး … လွင့် … ကြွေ … ပျက်
တွယ်ရာမဲ့စွာ လွတ်မြောက်ပြေးထွက်
ဒါပေမယ့်..
ဘ၀တစ်ခုလုံး
ခြောက်သွေ့သေဆုံးသွားခဲ့ …
အဲဒါ..
ကြိုးတစ်ချောင်းက ပေးတဲ့
သေရာပါ ဒဏ်ရာဒဏ်ချက် … ။
ကိုယ်ဟာ ကြယ်မျှားသူပါ…
ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်က ကြယ်လေးတစ်ပွင့် ကိုယ့်ရင်ဘတ်ထဲကို ကြွေသက်လာဖို့ပါပဲ…
မိုးကောင်းကင်ထက်မှာ တလက်လက် ၀င့်စားတောက်ကြွားနေတဲ့ ကြယ်စင်စုတွေထဲက သိပ်မမှိန်လွန်း ၊ မတောက်လွန်းတဲ့ ကြယ်လေးကို ကိုယ်ချစ်မက်နေခဲ့တယ်...
အဲဒါကြောင့် သန့်စင်ရိုးသားတဲ့ ချစ်ခြင်းတရားတွေနဲ့ ကိုယ်မျှားခဲ့တယ်…
မာယာများတဲ့ လောကကောင်းကင်ထက် မပျော်မွေ့ခဲ့ရင် ငြိမ်းမြအေးချမ်းတဲ့ ကိုယ့်နှလုံးသား ကောင်းကင်ထဲ တိတ်တဆိတ် ကြွေဆင်းခဲ့ပါ…
ကိုယ် ကတိပေးပါတယ်… နူးညံ့လှပတဲ့ အချစ်သံစဉ်တွေနဲ့ မင်းကို ကြည်နူးပျော်ရွှင်စေမယ်လို့…
ဒဏ်ရာအနာတရတွေနဲ့ လွင့်ကြွေလာဖို့တော့ ဆုမတောင်းပါဘူး…
တနေ့နေ့ တချိန်ချိန်ဆိုတဲ့ မျှော်လင့်ချက်သက်သက်နဲ့… ကိုယ်ဟာ ကြယ်မျှားနေသူပေါ့…
ချစ်သူ…
မင်းက ကိုယ် မြတ်နိုးရတဲ့ ကြယ်လေးပါပဲ … ။
နဂါးချော့တေး
ငါ....ကျေးဇူးတင်ပါတယ်