Wednesday 19 August 2009

သံယောဇဉ် အနှောင်အဖွဲ့

ဒီမနက် ဘလော့လေးထဲ အ၀င်မှာ ကျွန်မဆီကို သူငယ်ချင်းအသစ်တွေ အလည်လာသွားတာ ထူးထူးခြားခြား တွေ့လိုက်ရပါတယ်… တဆက်တည်းပဲ ဒါဟာ နှစ်ချို့ကော်ဖီတစ်ခွက်နဲ့ မြို့ပျက်ညတွေကို အပိုင်သိမ်းထားတဲ့ သူငယ်ချင်းလေးကြောင့်ဆိုတာလဲ သိလိုက်ပါတယ်… မနေ့ညက သူ့မွေးနေ့မှာ ကျွန်မ မွေးနေ့လက်ဆောင် ပေးထားတဲ့ ကဗျာကို သူ့ဘလော့မှာ တင်ထားတာ သွားပြန်ဖတ်ခဲ့သေးတယ်လေ… ကိုယ့်ကဗျာကို သူ့ဆီမှာ ပြန်ဖတ်ရတာ အရသာတမျိုးလေးတော့ ခံစားရသား… ကိုယ် အလှဆင်ပေးလိုက်တဲ့ ပန်းအိုးလေး အခမ်းအနားတစ်ခုရဲ့ စားပွဲစင်မြင့်ထက်မှာ အကျအန လှပနေတာကို မြင်ရသလို ခံစားမှုမျိုးလေး… အဲဒီအပြင် သူက ကျွန်မရဲ့ ဘလော့အသစ်လေးကိုပါ တလက်စတည်း ကြော်ငြာပေးထားလိုက်သေးတယ်… အမှန်အတိုင်း ပြောရရင် ဒီနေရာလေးကို ဖန်တီးတုန်းက ဘယ်သူ့ကိုမှ ချပြဖို့ မရည်ရွယ်ခဲ့ပါဘူး…။

ဒါပေမယ့် ညီမဝေလေးက ပထမဆုံး ဧည့်သည်အဖြစ် ဘလော့အသစ်စက်စက်လေးဆီကို ( အကြားအမြင် ရစွာနဲ့ ) ရောက်လာခဲ့တယ်။ အခု သူငယ်ချင်း မိုးလှိုင်ကြောင့် နောက်ထပ် လာလည်တဲ့သူတွေ တိုးလာခဲ့ပြန်ပြီ… အဲဒီတော့ အရင်လို သူများဘလော့တွေ လိုက်ဖတ်နေရုံနဲ့ ကျေနပ်နေလို့ မရတော့ဘဲ ကိုယ့်ဘလော့လေးကိုလဲ အလည်လာတဲ့ သူငယ်ချင်းတွေ ဒီတိုင်း မပြန်သွားရအောင်၊ အနည်းဆုံး ခံစားမှုလေး အပိုင်းအစလေး တစ်ခုခုလောက်ဖြစ်ဖြစ် ပေးနိုင်အောင် ကြိုးစားရပါတော့မယ်… ဘာကိုမှ အစွဲအလမ်းမထားဘဲ သံယောဇဉ် နည်းနိုင်သမျှ နည်းအောင် နေ နေတဲ့ ကျွန်မကို သံယောဇဉ်တွေနဲ့ ထပ်ပြီး ချည်နှောင်လိုက်ပြန်ပြီပေါ့…။

0 comments:

Post a Comment

 

ကြယ်မျှားသူရဲ့ စိတ်ကူးအိပ်မက် © 2008. Template Design By: SkinCorner