Showing posts with label နှစ်သက်သော ကဗျာ. Show all posts
Showing posts with label နှစ်သက်သော ကဗျာ. Show all posts

Monday, 24 August 2009

နှင်းဆီတင် ရထား

အာရုဏ်သို့ချည်း

နှင်းခမျက်တောင်၊ ငွေရောင်ပိတ်ဖုံး

အရှေ့တစ်ခွင်လုံးမှိုင်း၊ မြူတံတိုင်းကာဆီး

မေလည်း… ခရီးသည်။

ပြတင်းဝမှာ

ပန်ပါ့နှင်းဆီ၊ မခွဲမီလွမ်း

ရှိုက်နမ်းမွှေးမြ၊ ထုံးနှောင်လွဝယ်

ကြွရွနီဝေ၊ မကြွေခင်တော့ ပြန်ခဲ့မယ်။

နှင်းတွေနဲ့ဖိ

မေ့ပေါ်အိကျ၊ မောလျဖိုလှိုက်

နှင်းနံ့တစ်ရှိုက်၊ ပန်းတစ်ရှိုက်လေ..။

ရှေ့နောက် ၀ဲယာ၊ မမြင်သာဘူး

ရပ်ရှစ်မျက်နှာ၊ မြူမွေ့ယာခင်း

နှင်းတို့ပျော်ပါး၊ အကစားမက်

ဝှေ့ယမ်းနှုတ်ဆက်၊ အလွမ်းလက်ကလေး

ဝေး… ဝေး… ဝေးရှာ…။

တဖြည်းဖြည်းချင်း၊ အလင်းတောက်ပ

မြူငွေ့ပါးလျ၊ ရထားအထွက်

မေ့မျက်ဝန်းထဲ၊ နှင်း… ဝေဆဲကွယ်။


မအိ

( ၁၉၈၂ ၊ ရှုမ၀ )

 

ကြယ်မျှားသူရဲ့ စိတ်ကူးအိပ်မက် © 2008. Template Design By: SkinCorner