အဝေးကိုလွင့်သွားတဲ့ ပျော်ရွှင်ခြင်းတိမ်တိုက်အတွက် ၀မ်းနည်းငိုကြွေးနေလို့ရော ဘာများ ပိုထူးလာမှာလဲ..
နောက်တခါ လေပြည်လာချိန်မှာ ပျော်ရွှင်ခြင်းရဲ့ ရနံ့တွေ အနားကို ပျံ့လွင့်လာဦးမှာပါ…
အရိပ်လိုလိုက်နေတဲ့ အတိတ်မှာ ကြေကွဲခြင်းတွေ စွန်းပေနေတာ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး…
ဒါပေမယ့် တချိန်မှာတော့ အတိတ်ဆိုတာ ဆေးသားပြယ်လွင့်သွားတဲ့ ပန်းချီကားတစ်ချပ်လို မှုန်ဝါးလွင့်ပါးသွားမယ်ဆိုတာ ယုံကြည်ထားချင်တယ်…
ချစ်ခဲ့တဲ့ အချစ်တွေအတွက် နောင်တဆိုတာ မရှိပေမယ့် နှိုင်းဆပြလို့ မရနိုင်တဲ့ နာကျင်မှုတွေတော့ ရှိခဲ့တယ်…
မျှော်မှန်းဖူးခဲ့တဲ့ အနာဂတ်ခရီးဆိုတာလဲ ဟိုးဝေးဝေးမှာ မှိန်ဖျော့စွာနဲ့ တစစီ ပျောက်ကွယ်သွားခဲ့ပေါ့…
ဘယ်လိုပဲဖြစ်ဖြစ် ကုန်လွန်ခဲ့တဲ့ ခဏတာ အချိန်လေးမှာ အဆုံးအစမဲ့ ကြည်နူးခဲ့တာ ၀န်ခံပါရစေ…
ဒါပေမယ့်လဲ ချစ်ခြင်းအတိုင်းအဆနဲ့ အချိန်ကာလ ထပ်တူ အချိုးမကျနိုင်ဘူးဆိုတာ သေချာလွန်းနေခဲ့တော့လဲ…
ဒဏ်ရာတွေသာ တနေ့တခြား ရင်ထဲမှာ ပိုမို များပြားလာခဲ့…
မာယာလို့ မပြောရက်ပါဘူး… သာယာခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်တော့မယ်…
အတိတ်နေ့ရက်တွေမှာ အရူးအမူးပျော်ခဲ့ဖူးတော့ အခုအချိန်မှာ ရူးရူးမူးမူး လွမ်းလိုက်ဦးပေါ့…
ကိုယ်တိုင်က မနိုးထချင်သရွေ့ အိပ်မက်ဆိုးရဲ့ ဖမ်းစားမှုမှာ ကျိန်စာသင့်နေဦးမှာပါပဲ…
တကယ်လို့များ… မနက်ခင်းတစ်ခုမှာ ငှက်ကလေးရဲ့ တေးသီသံသဲ့သဲ့ကို ကြားမိတယ် ဆိုရင်တော့ အတိတ်အိပ်မက်ကနေ အမြန်နိုးထ.. ရင်ခုန်သံအစစ်တွေနဲ့ ဘ၀ခရီးသစ်ကို စတင် လိုက်ပါတော့…
မှောင်မိုက်တဲ့ အလွမ်းညတွေ အဆုံးမှာ လင်းသစ်တောက်ပတဲ့ ဖြူလွလွ နေ့ရက်တွေက စောင့်ကြိုလျက်သာ…. ။
0 comments:
Post a Comment