ခဏလေးပါပဲ..
ငါ့ရင်ခွင်မှာ နားခိုသွားခဲ့တာ..
ဆောင်းတွင်းတစ်ခုစာလေး…
အေးစက်စက် ဆောင်းရက်တွေလဲ
ငှက်ကလေးရဲ့ တေးဆိုသံကြောင့်
ချိုမြိန်နွေးထွေး ပျော်စရာလေးပေါ့…
နေ၀င်စောတဲ့
မှုန်မှိုင်းမှိုင်း ဆောင်းညတွေဟာ
တယ်လီဖုန်းသံလေး တစ်ချက်အကြားမှာ
အသက်ဝင် တောက်ပ
အိပ်မက်တွေလဲ လှခဲ့ဖူးပါရဲ့…
ဒီလိုနဲ့ပဲ..
နှင်းမြူရထား တရွေ့ရွေ့ဆုတ်ခွာသွားတာ
ငါ မသိလိုက်ဘူး..
ဥသြသံကြား နွေကူးသွားလဲ
ငါ့အတွေးထဲမှာ
ဆောင်းခိုငှက်လေး ရှိနေတုန်းပဲ…
မိုးစက်ပွင့်တွေ ဖွဲဖွဲကြွေလဲ
ငါ့ရင်ထဲမှာ
အိပ်မက်နှင်းတွေ ဝေနေဆဲပဲ…
ဟိုး..ဝေးဝေးက ဆောင်းခိုငှက်လေးရေ...
နောက်တစ်နှစ်ဆောင်း
ရင်ခွင်ပြောင်းချင်လဲ ပြောင်းပေါ့..
သက္ကရာဇ်အဟောင်းဆီက
ပျော်ခဲ့ဖူးတဲ့ ဆောင်းကိုတော့
ငါ့ဆီကနေ ပြန်မတောင်းပါနဲ့
လွမ်းလို့ကောင်းနေတုန်းမို့ပါ … ။
( သူငယ်ချင်း မိုးလှိုင်ည ပေးတဲ့ အတွေးတပိုင်းတစနဲ့ ခံစားချက် အပိုင်းအစတွေ ပေါင်းပြီး ရေးဖြစ်သွားတဲ့ ကဗျာလေးပါ )
3 comments:
ဆောင်းခိုငှက်က ရုတ်တရက် ထအပျံ
ဘ၀စခန်းက ကြိုးတစ်ချောင်းကို ကိုက်ချီသွားလိုက်တာ
ကြိုးတစ်စက လွန့်လူးစွာနဲ့ အဝေးမှာ ပြုတ်ကျခဲ့ခြင်းတွေက
အိပ်မက်ဆန်ညတွေထဲ ဆောင်းညရဲ့ ခိုးဝှက်ခြင်းကို ခံရလေရဲ့ ..။
ခင်မင်စွာ
idulize(အရုပ်ကလေး)
အမ်
ကျွန်တော်လည်း ဘာမှမပြောရပါလားဟင်
စကားလုံးလေးတစ်လုံးကနေ ကဗျာတစ်ပုဒ်ဖြစ်သွားတာလဲ အတွေးပေးတာပဲလေ ဆရာဦးလေးရဲ့:)
Post a Comment